ရန်ကင်းကလေးဆေးရုံကြီး ကလေးနှလုံးခွဲစိတ်ဌာန နှင့် Mission Bambini Foundation တို့ ကလေးနှလုံးရောဂါများ ပူးပေါင်းခွဲစိတ်ခဲ့

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းတွင် ရန်ကင်းကလေး ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင် နှင့်အတူ ကလေးနှလုံးခွဲစိတ်ဌာန ပါမောက္ခ ဆရာမကြီး ဒေါ်ဝင်းဝင်းကျော် ဦးဆောင်၍ ပူးတွဲခွဲစိတ်မှုများ ပြုလုပ်နေသော Mission Bambini Foundation အင်္ဂလန်နိုင်ငံမှ ကလေးနှလုံးခွဲစိတ် ဆရာဝန်ကြီး Dr.Nicola Viola တို့နှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် Mission Bambini Foundation အဖွဲ့ နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ နှလုံးဝေဒနာရှင်များ အတွက် ကုသမှုများကို ထပ်မံပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သလို ရန်ကင်းကလေး ဆေးရုံမှ နှလုံးခွဲစိတ် ဆရာ၊ဆရာမများနှင့် Mission Bambini Foundation အဖွဲ့တို့၏ နှလုံးခွဲစိတ်မှု ပညာရပ်နှီးနှော ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်မှုများကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

လာရောက် နှလုံးခွဲစိတ်ကုသနေသည့် လူနာများ နှင့် နွေးနွေးထွေးထွေး တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကာ ယနေ့ခွဲစိတ်လူနာများအတွက်လဲ အလှူငွေများ နှင့် နှလုံးခွဲစိတ်ဌာနအတွက်လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူရန်အတွက် အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်း ခဲ့ပါသည်။

ထို့အပြင် ညပိုင်းတွင် ရန်ကင်းကလေးဆေးရုံကြီး မှ ပါမောက္ခ ဒေါ်ဝင်းဝင်းကျော် ဦးဆောင်သော ကလေးနှလုံးခွဲစိတ်အဖွဲ့ဝင်များ နှင့် အတူ Mission Bambini Foundation အဖွဲ့မှ နှလုံးခွဲစိတ်ဆရာဝန်ကြီးများကို Novotel ဟိုတယ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။