ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်း

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ အသစ်ဆောက်လုပ်ခဲ့သည့် ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ် တိုးချဲ့ဆောင်သစ်အတွက် လိုအပ်သည်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင် အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများမှ တိုးချဲ့ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ရန်ကင်းကလေးဆေးရုံကြီး (၆)ထပ်တိုးချဲ့ဆောင်သစ် (Cardiac Complex) ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်းနှင့် အဆောက်အဦရှိ ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပြီး တိုးချဲ့ဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က မိမိတို့အနေဖြင့် ကလေးငယ်များ၏ ကျန်းမာရေးကောင်းမွန်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးရန် အသင့်ရှိပါကြောင်း၊ ရန်ကင်းကလေး ဆေးရုံကြီးအတွက် လိုအပ်သည့်နေရာများအတွက် စဉ်ဆက်မပြတ် လှူဒါန်းကူညီမှုများ ပြုလုပ်နေသလို အသစ်ဆောက်လုပ်ခဲ့သည့် ကလေးနှလုံး ခွဲစိတ်ဆောင်သစ်အတွက် ထပ်မံဖြည့်ဆည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။