ရန်ကင်း ကလေးဆေးရုံကြီး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲတွင် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ လှူဒါန်း

ရန်ကင်း ကလေးဆေးရုံကြီး ဝန်ထမ်းမိသားစု ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၉နာရီတွင် ရန်ကင်း ကလေးဆေးရုံကြီး Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒမှ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် စပ်လျဉ်းသည့် တရားတော်များ၊ ရေစက်ချ တရားများကို ဟောကြားခဲ့ပြီး ရန်ကင်းကလေးဆေးရုံမှ ဆရာကြီး၊ ဆရာမကြီးများနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်တို့မှ တရားတော်များနာယူ၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအပြီးတွင် ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ ရန်ကင်း ကလေးဆေးရုံမှ ဆရာကြီး၊ ဆရာမကြီးများနှင့် ဦးဇော်ဇော်တို့သည် ဆေးရုံကြီးကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အသစ်ဆောက်လုပ်နေသည့် ကလေးနှလုံးခွဲစိတ်ဆောင်သစ် (၆ထပ်ဆောင်)နှင့် ရန်ကင်း ကလေးဆေးရုံဟောင်းကို ဆက်သွယ် သွားလာနိုင်မည့် လျှောက်လမ်းနှင့် ဆေးရုံသစ် (ကလေးနှလုံး ခွဲစိပ်ဆောင်သစ်)တွင် လိုအပ်နေသည့် Air Conများကိုလည်း လှူဒါန်းသွားရန် စီစဉ်ခဲ့ပါသည်။