ထို့ကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အခါ အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့် အသိုက်အဝန်းများ တည်ဆောက်နိုင်ရေးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများကို ကြိုတင်ဖြန့်ဝေပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးမှ ပြန်လည်ကုစားခြင်းထက် ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းနှင့် အသင့်ပြင်ဆင်ထားခြင်း (Prevention and Preparedness) တို့သည် လူ့အသက်ဆုံးရှုံးမှု၊ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုနှင့် လူမှုစီးပွားထိခိုက်မှုများကို အထိရောက်ဆုံး လျှော့ချနိုင်သည့် နည်းလမ်းများဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်လည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ အများပြည်သူအကြား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန်နှင့် ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန် ရည်ရွယ်သည့် အသိပညာပေးလုပ်ငန်းများသည် ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းများ တည်ဆောက်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။