၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသာလူငယ်လေးများအား ပညာသင်ဆုများပေးအပ်ချီးမြှင့်

၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသာလူငယ်လေးများအား ဧရာဝတီဖောင်ဒေးရှင်းမှ ပညာသင်ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပညာသင်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော ဧရာဝတီဘဏ်လီမိတက်၏ (၂၀၀)မြောက်ဘဏ်ခွဲဖြစ်သည့် အလုံဘဏ်နှင့် ရုံးချုပ်(၂) ဖွင့်လှစ်ပွဲ အခမ်းအနားတွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၀ခုနှစ်မှ စတင်ကာ ပညာထူးချွန်၍ တက္ကသိုလ်ပညာဆက်လက်သင်ကြားရန် အကူအညီလိုအပ်နေသည့် ထူးချွန်ကျောင်းသားလူငယ်များကို ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာသင်ဆု လျှောက်လွှာများ လက်ခံချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ တက်ရောက်ကြသည့် တက္ကသိုလ်ပညာရပ်အပေါ်တွင် မူတည်၍ တစ်လလျှင် အများဆုံး တစ်သိန်းကျပ်မှ အနည်းဆုံး ခြောက်သောင်းကျပ်နှုန်းဖြင့် တစ်နှစ်လျှင် (၁၀)လ ပညာသင်စရိတ်များ ထောက်ပံ့ပေးခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဆေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား (၂၉)ဦး၊ နည်းပညာတက္ကသိုလ် (၁၃)ဦးနှင့် အခြား တက္ကသိုလ်များတွင် တက်ရောက်ကြမည့် ကျောင်းသား (၈)ဦး၊ စုစုပေါင်း အယောက်(၅၀)ကို ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။