၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း ရေကြည်မြို့ အထက်တန်းပညာသင်ကျောင်းမှ လူရည်ချွန်ကျောင်းသား ၊ ကျောင်းသူများနှင့် လူရည်ချွန်ဆု ရရှိအောင် ပညာသင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ များအား ဧရာဝတီဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုငွေပေးအပ်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ မတည်အလှူငွေ သိန်း ၃၀ ပေးအပ်ခဲ့သည့်အပြင် အ.ထ.က ရေကြည် အဝေးရောက် ကျောင်းသားဟောင်းမှ အဖွဲ့ကလည်း ငွေကျပ် ၁,၉၅၀,၀၀၀ ကို ထပ်ပေါင်း လှူဒါန်းခဲ့သည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ရေကြည်မြို့ အထက်တန်းပညာသင်ကျောင်းမှ လူရည်ချွန် ၆ ဦး ပေါ်ထွက်လာခဲ့ပြီး ဒသမတန်းမှ လူရည်ချွန်ဆု သုံးထပ်ကွမ်းရရှိသည့် မောင်ခိုင်ခံ့ဇော်အား အလှူငွေ ၄ သိန်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်ဆု ရရှိသည့် မအေးချမ်းစိမ့်အား ၃ သိန်း၊ နဝမတန်းမှ နှစ်ထပ်ကွမ်းလူရည်ချွန်ဆု ရရှိသည့် မောင်ဝေယံကျော်အား ၃ သိန်း စသည်ဖြင့် ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆပ်များ ချီးမြင့်ခဲ့သည်။ ထို့ပြင် ယခုနှစ် ပညာသင်နှစ်တွင်မှ ပထမဦးဆုံးအကြိမ် လူရည်ချွန်ဆု ရရှိခဲ့သည့် နဝမတန်းမှ မရွှေဇင်ထွဋ်၊ အဌမတန်းမှ မောင်သက်မှူးအောင်နှင့် မနမ့်နွေးမိုးအိမ် တို့အားလည်း ၂ သိန်းစီ နှင့် ဆုတံဆပ်များ အသီးသီး ဂုဏ်ပြုပေးအပ်ခဲ့သည်။
လူရည်ချွန်ဆုရရှိအောင် ပညာသင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကိုလည်း (ဒသမတန်း၊ နဝမတန်း၊ အဌမတန်း) မှ ဆရာ၊ ဆရာမ ၃၂ ဦးအား တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ စီ ၊ (သတ္တမတန်း၊ ဆဌမတန်း၊ ပဉ္စမတန်း) မှ ဆရာ၊ ဆရာမ ၂၇ ဦးအား တစ်ဦးှလျှင် ကျပ် ၂၀,၀၀၀ စီ နှင့် ကျောင်းအုပ်ကြီးအား ၁ သိန်း စသည်ဖြင့် အသီးသီး ဂုဏ်ပြုဆုငွေများ ချီးမြင့်ခဲ့သည်။
ယင်းအပြင် ဧရာဝတီဖောင်ဒေးရှင်းနှင့် အဝေးရောက် ကျောင်းသားဟောင်းများ အဖွဲ့မှ ၁၇ နှစ်အောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည့် အ.ထ.က ရေကြည်မှ မောင်ညီမင်းခန့်အားလည်း ဂုဏ်ပြုငွေ ၁ သိန်း ၆ သောင်းကျပ်အား ပေးအပ်ချီးမြင့်ခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ပညာထူးချွန်သည့်ကျောင်းသား ကျောင်းသူများအား နှစ်စဉ်ဂုဏ်ပြုဆုငွေများ ပေးအပ်ပေးသည့်အပြင် တက္ကသိုလ်တက်ရောက်ရန် အခက်အခဲရှိသည့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ဆုများပေးအပ်ကာ လစဉ်ပညာသင်စရိတ် ထောက်ပံ့ကူညီပေးမှုများ လုပ်ဆောင်ပေးလျက်ရှိပါသည်။



