လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးလက်ဒေသများအတွက် ဆေးပေးခန်းများ လှူဒါန်းနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစဉ်တစိုက် ပံ့ပိုးမှုတွေ ပြုလုပ်လျှက်ရှိတဲ့ ဧရာဝတီဖောင်ဒေးရှင်းဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာ ၅ခုအတွက် ကျေးလက်ဆေးပေးခန်းတွေ ဆောက်လုပ် လှူဒါန်းပေးခဲ့ပါတယ်။
ပန်းတနော်မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ရေပေါ်ရေလဲ၊ ကဿဝင်၊ နတ်ဆည်၊ ကျုံခရမ်းနဲ့ ကျုံလ်းကြီးဝ ကျေးရွာတွေအတွက် ကျေးလက်ဆေးပေးခန်း တစ်ခုစီ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တစ်ရပ်ကို ဇွန်လ ၂၇ရက်နေ့က ရေပေါ်ရေလဲကျေးရွာမှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှာ ကျင်းပ ပြုလုပ်ခဲ့ရာမှာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်က ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နွမ်းပါးတဲ့ ကျေးလက်ဒေသတွေအတွက် ဆေးပေးခန်းသစ်တွေ လှူဒါန်းပေးတဲ့အတွက် အလွန်တရာကျေးဇူးတင်ကြောင်း၊ ကဗ္ဗည်းမော်ကွန်းများ ထိုးထားခြင်းကြောင့်လည်း ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုအစုစုကို သားစဉ်မြေးဆက် သာဓုခေါ်နေကြမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ထို့အတူပဲ ကဿဝင်ကျေးရွာရဲ့ သားဖွားဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်စိန်သန်းကလည်း ယခင် ကျေးလက်ဆေးပေးခန်းမှာ ဟောင်းနွမ်းလွန်းပြီး ရာသီဥတုဒဏ် မခံနိုင်သည့်အတွက် မိုးရွာသည့်အခါတွင် ကျေးလက်မှ မွေးလူနာများအတွက် သက်တောင့်သက်သာ မရှိသည့်အပြင် အခြားအခက်အခဲများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုကြောင့် ဆေးကုသမှုတွင် ယခင်ထက် များစွာအဆင်ပြေလွယ်ကူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။





