ဧရာဝတီဖောင်ဒေးရှင်းဟာ ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပထမနှစ်ပညာသင်ယူနေကြတဲ့ ကျောင်းသား/သူ (၁၀)ဦးကို ပညာသင်ဆုတွေ ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။ အဆိုပါ ကျောင်းသား/သူတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်းစားမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ သူတွေဖြစ်ပြီး တက္ကသိုလ်ပညာသင်ကြားရာမှာ စိုးရိမ်ပူပန်မှုကင်းမဲ့စွာနဲ့ ပညာသင်ယူနိုင်စေဖို့နဲ့ နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ကြမယ့် လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ယခုကဲ့သို့ ပညာသင်ဆုတွေ ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒီပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်က ပုသိမ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်နဲ့ ဆရာ/ဆရာမတွေ၊ ပညာသင်ဆုရရှိတဲ့ ကျောင်းသား/သူတွေ၊ မိဘတွေ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ ယခင်ကလည်း ချို့တဲ့ကျောင်းသားတွေအတွက် တက္ကသိုလ် ပညာသင်ကြားမှု အထောက်အပံ့ဖြစ်စေဖို့ ပံ့ပိုးပေးခဲ့ပြီး ၂၂ဦးတိတိ ဘွဲ့ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ တက္ကသိုလ်၊ ကောလိပ် အသီးသီးမှ ကျောင်းသား/သူ (၅၆)ဦးဟာလည်း ဧရာဝတီဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့အတူ တက္ကသိုလ်ပညာ သင်ယူလျှက်ရှိကြပါတယ်။ ယခု ရန်ကုန်နည်းပညာတက္ကသိုလ်အတွက် ပညာသင်ဆုချီးမြှင့်မှုကိုလည်း ယခုနှစ်တွင်သာမက နောက်နောင် စာသင်နှစ်များမှာလည်း ဆက်လက် ချီးမြှင့်ပေးသွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်






